top of page
Search

သရေခေတ္တရာ (Sriketra, Pyu Cultural Heritage Region)

  • Writer: The Proverb
    The Proverb
  • May 9, 2020
  • 3 min read



သရေခေတ္တရာသည် ပျူလူမျိုးတို့၏ ရှေးဟောင်းမြို့တော်ဖြစ်သည်။ သရေခေတ္တရာ (သို့မဟုတ်) သီရိခေတ္တရာ ပျူယဉ်ကျေးမှုအမွေအနှစ်(Sriketra, Pyu Cultural Heritage Region)နယ်မြေသည် ပဲခူးတိုင်းဒေသကြီးပြည်မြို့၏ တောင်ဘက်ငါးမိုင်ခန့်အကွာ၊ ရန်ကုန်မြို့၏ အနောက်မြောက်ဘက် မိုင် ၁၈ဝ ခန့်အကွာတွင် တည်ရှိသည်။ အေဒီ ၄ ရာစုမှ ၉ ရာစု အတွင်း ထွန်းကားခဲ့သည့် ရှေးပျူမြို့ဟောင်း တစ်ခုဖြစ်သည်။ သရေခေတ္တရာပျူမြို့ဟောင်းကို ဂဝံပတေ့အရှင်သူမြတ်အမှူးပြု၍ ဒွတ္တပေါင်မင်းကြီးတည်ထောင်ခဲ့ပြီး မင်းစဉ်မင်းဆက် အုပ်စိုးခဲ့ကြသည်။ မှန်နန်းမဟာရာဇဝင်တော်ကြီးမှ ကောက်နုတ်ဖော်ပြချက်တွင် သရေခေတ္တရာမင်းဆက် ၂၇ ဆက်ကို ဖော်ပြထားသည်။ သရေခေတ္တရာပျူမြို့ဟောင်းသည် စက်ဝိုင်းပုံမကျ ဘဲဥပုံမကျသော အဝိုင်းပုံသဏ္ဌာန်ဖြစ်သည်။ မြို့ရိုး၊ ကျုံးနှင့်အတူ နန်းတော်ရာ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ ဆင်းတုတော်များ စသည်တို့ကို တွေ့ရှိရ သည်။ မြို့ရိုးသည် (၈ မိုင် ၈ ဖာလုံ) ရှိ၍ ဧရိယာအားဖြင့် ၅ ဒသမ ၅ စတုရန်းမိုင် ကျယ်ဝန်း၏။

သီရိခေတ္တရာ (ဝါ) မှော်ဇာပြတိုက်အတွင်း ထူးထူးခြားခြားဖော်ပြထားသည်မှာ ပျူစာ ခင်ဘရွှေပေချပ်ဆိုင်ရာ ပါဠိတော်မြန်မာပြန်ပင် ဖြစ်သည်။ ထို့ပြင် ယင်းပြတိုက်အတွင်းမှာပင် ပျူခေတ် ရွှေပန်းတိမ်၊ ငွေပန်းတိမ်အတတ် ပညာများနှင့် လက်ရာများ၊ ပျူပုတီးများ၊ ဗိသုကာလက်ရာများနှင့် အနုပညာသည်များ၏ ကြေးရုပ်များမှာ အချိန်ယူ၍ကြည့်လေ ရှုမငြီး နိုင်လေဖြစ်၏။ စင်စစ် ကမ္ဘာ့ရှေ့ဟောင်းအမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းများတွင် သရေခေတ္တရာ သည် အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံး ဖြစ်၏။ သရေခေတ္တရာဟူသည် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောမြို့ ဟု အဓိပ္ပာယ်ရပါသည်။ ပြည်မြို့အနီး မှော်ဇာရွာ တွင်တည်ရှိသည်။ (ပြည်ပေါက်ခေါင်းလမ်း ဘေး) မြို့ဟောင်းတွင် မှော်ဇာအပါအဝင် ကျေးရွာပေါင်း ၁၇ ရွာပါဝင်သည်။

သရေခေတ္တရာမြို့ဟောင်းသည် လွန်ခဲ့သောနှစ်ပေါင်း ၂ဝဝဝ ကျော်ကတည်ရှိခဲ့သည့် မြန်မာ့ရှေးဟောင်းလူတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစွာတည်ရှိနေခဲ့မှုကို ဖော်ပြနေသည်။ ၂၀၁၄ခုနှစ်၊ ဇွန်လ (၂၂)ရက်တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ ကျင်းပခဲ့သည့် (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးမှ မြန်မာနိုင်ငံပျူရှေးဟောင်းမြို့(၃)မြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်းတို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ပါသည်။

တည်နေရာ

သရေခေတ္တရာ မြို့ဟောင်းနေရာသည် ယခုပြည်မြို့ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာ မှော်ဇာရွာတွင်တည်ရှိသည်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာမြို့ဟောင်းနယ်မြေသည် အရှေ့လောင်ဂျီတွတ်၉၅ဒီဂရီ ၁၅မိနစ်၊ ၅၀စက္ကန့်နှင့် ၉၅ဒီဂရီ(၂၀)မိနစ်ကြား၊ မြောက်လတ္တီတွဒ် ၁၈ဒီဂရီ ၄၅မိနစ်၅၀စက္ကန့်နှင့် ၁၈ဒီဂရီ၅၀မိနစ်ကြား တည်ရှိပြီး ပြည်မြို့၏အရှေ့တောင်ဘက်တွင် တည်ရှိပါသည်။ မြို့ဟောင်း၏အရှေ့ဘက်တွင် အရှေ့လက်ခုပ်ပင်အုပ်စု၊ တောင်ဘက်တွင် အနောက်ရွာသစ်အုပ်စု၊ မြောက်ဘက်တွင် နတ္တလင်းအုပ်စု၊ အနောက်ဘက်တွင် ပြည်မြို့တို့ တည်ရှိပါသည်။ ဧရိယာအကျယ် အ၀န်းအားဖြင့် (၁၃၀၂၆)ဧကကျယ်၀န်းပြီး သရေခေတ္တရာမြို့ဟောင်းဇုန်အတွင်းရှိ ရွှေတံခါးရပ်ကွက်၊ မှော်ဇာကျေးရွာအုပ်စု၊ မှုတ်ရှည်ကျေးရွာအုပ်စု၊ မုဌောကျေးရွာအုပ်စု၊ တွင်းဗြည်းကျေးရွာအုပ်စုတို့ ပါ၀င်လျှက်ရှိပါသည်။ သရေခေတ္တရာမြို့ဟောင်းဇုန် နယ်မြေအတွင်း၌ ရပ်ကွက်/ကျေးရွာအုပ်စု(၅) အုပ်စု၊ အိမ်ခြေ(၃၉၀၄)လုံ၊ အိမ်ထောင်စု(၄၀၇၅)စု၊ လူဦးရေ(၁၉၅၈၄)ဦး နေထိုင်လျှက်ရှိပါသည်။ သရေခေတ္တရာမြို့ဟောင်းဇုန်အတွင်း၌ စိုက်ပျိုးမြေ(၈၅၀၅)ဧက၊ မြို့မြေ၊ရွာမြေ(၄၇၀)ဧက သာသနာ မြေ (၁၅၇)ဧကနှင့် အခြားမြေဧက(၃၈၉၄)ဧက စုစုပေါင်း(၁၃၀၂၆)ဧကရှိပါသည်။

ကျုံးပတ်လည်ရံလျက်ရှိသော အုတ်မြို့ရိုးသည် စက်ဝိုင်း မကျတကျဖြစ်၍ တောင်မြောက် (၂)မိုင်ခွဲခန့်နှင့် အရှေ့အနောက်(၂)မိုင်ခန့် ကျယ်ဝန်းလေသည်။ ရန်ကုန်မှ ပြည်မြို့သို့သွားသော မီးရထားလမ်းသည် သရေခေတ္တရာမြို့ဟောင်းကို အရှေ့တောင်မှ အနောက်မြောက်သို့ ဖြတ်သန်းသွား၍ ပြည်မှပေါက်ခေါင်းသို့ သွားသော မော်တော်ကားလမ်းကို မြောက်ဘက် မြို့ရိုးပေါ်သို့ ဖြတ်၍ ပြုလုပ်ထားသည်။ မြိုဟောင်းအတွင်း၌ ယခုအခါရွာငယ်အများအပြားရှိ၍ မြောက်ဘက်ပိုင်း၌မူ လယ်ကွက်များ ပြည့်နှက်နေ၏။ မှော်ဇာဘူတာရုံသည် မြို့ဟောင်း၏ဗဟိုနေရာမှ အရှေ့ မြောက်ယွန်းယွန်းတွင် တည်ရှိသည်။

ရှေးဟောင်းအဆောက်အအုံများသည် မြို့တွင်း၌သာမက မြို့ပြင်၌လည်း အနှံ့အပြားကျန်ရှိသေးရာ သရေခေတ္တရာ ထွန်းကားစဉ်က ထင်ရှားခဲ့သော မြို့ပတ်ဝန်းကျင်နယ်နိမိတ်မှာ ကျုံးနှင့် မြို့ရိုးပတ်ရံသည့် မြို့တွင်းထက် လေးဆခန့်မျှ ကျယ်ဝန်းကြောင်းသိနိုင်လေသည်။ မြို့တွင်းအလယ်ဗဟို လောက်တွင် နန်းတော်ကုန်းဟုခေါ်သော စတုဂံ အုတ်ရိုးကာရံထားသည့် ကုန်းမို့မို့ကို တွေ့နိုင်သေးသည်။ တောင်ဖက်မြို့ရိုး၏ အပြင်ဘက်တွင်အရှေ့ပျုတိုက်၊ အနောက်ပျုတိုက်၊ ဗိဿနိုးမြို့နှင့် ဗိဿနိုးမိဖုရားသင်္ချိုင်းရာတို့ ရှိလေသည်။

ကြွင်းကျန်ရစ်သော မျက်မြင်အနေအထားများ အရ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။ မြို့ဟောင်းတို့၏ အင်္ဂါရပ်များဖြစ်သော မြို့ရိုး၊ ကျုံးနှင့် သာသနာ အဆောက်အဦးများ၊ ဘုရားစေတီပုထိုးများကို ယခုတိုင်တွေ့ရှိနိုင်သေးသည်။ အဆိုပါ ကြွင်းကျန်ရစ်သော ရုပ်ဝတ္တုများမှလည်းကောင်း၊ တူးဖေါ်တွေ့ရှိခဲ့ရသော ရှေးဟောင်းပစ္စည်းများအရလည်းကောင်း၊ တရုတ်ပြည်မှ သမိုင်းမှတ်တမ်းများအရသော်လည်းကောင်း သရေခေတ္တရာမြို့ဟောင်းသည် ရှေးပျူတို့၏ မြို့တော်ဖြစ်ကြောင်း သမိုင်းပညာရှင်များက သတ်မှတ်ထားကြပေသည်။

မြန်မာပြည်တွင် အေဒီ ၁ ရာစုမှ ၉ ရာစုခန့်အထိ ပျူတို့၏ အထင်ကရ မြို့တော် သုံးမြို့ရှိခဲ့ဖူးသည်။ ထိုမြို့တော်သုံးခုမှာ

ရွှေဘိုနယ်ရှိ ဟန်လင်းကြီး မြို့ နှင့်

ပြည်မြို့အနီးရှိ သရေခေတ္တရာမြို့များ ဖြစ်ကြသည်။ ယင်း ရှေးဟောင်းပျူမြို့တော် သုံးမြို့အနက် သရေခေတ္တရာသည် စည်ပင်အဝပြောဆုံးနှင့် သာသနာရေးဆိုင်ရာ အဆောက်အဦးများ အပေါများဆုံးဖြစ်ခဲ့မည်ဟု ကျန်ခဲ့သော အထောက်အထားများအရ ခန့်မှန်းကြသည်။

၁၈၇၇ ခုနှစ်တွင် ရန်ကုန်-ပြည် မီးရထားလမ်းအား ဖောက်လုပ်ရာတွင် ရထားလမ်းအား မြို့ဟောင်း၏ အရှေ့တောင်၏ဒေါင့်မှ အနောက်မြောက်ဒေါင့်ဆီသို့ ကွေ့ဝိုက်ဖောက်လုပ်ခဲ့သည်။ မှော်ဇာဘူတာရုံအားလည်း သရေခေတ္တရာမြို့ဟောင်း နန်းတော်ရာ၏ အရှေ့မြောက်ထောင့်အရပ် သံလမ်းတစ်ဖက်ခြမ်းတွင် တည်ဆောက်စေခဲ့သည်။ မြို့ရိုးရှိ အုတ်တို့ကို သံလမ်းဖောက်လုပ်ရာတွင် အင်္ဂလိပ်တို့က အသုံးပြုခဲ့စေသည်ဟု ဆိုသည်။

သရေခေတ္တရာမြို့ဟောင်း တူးဖော်မှုအား အင်္ဂလိပ်လက်ထက်ကပင် စတင်ခဲ့ကြပြီး၊ ခေတ်အဆက်ဆက် တူးဖေါ်ရှာဖွေခဲ့ကြသည်။ ပြည်မြို့သို့ အလည်အပတ်၊ ဘုရားဖူးသွားသူ အများစုသည် သရေခေတ္တရာ မြို့သို့လည်း သွားရောက်လည်ပတ်ကြသည်။

ရှေးဟောင်း သမိုင်း

မှန်နန်းရာဇဝင်အဆိုအားဖြင့် သရေခေတ္တရာမြို့ကိုသာသနာနှစ် ၁၀၁ ခုနှစ်တွင် ဒွတ်တပေါင် (ဒွတ္တပေါင်)မင်း ပထမတည်ထောင်သည်ဟု ဆိုသည်။ မြို့တည်နန်းတည်ရာ၌ ကူညီစောင့်ရှောက်သော သူမြတ်ခုနှစ်ဦးမှာသိကြားမင်း၊ ဂဝံပတေ့၊ရသေ့ ၊ နဂါး ၊ ဂဠုန် ၊ စန္ဒီ နှင့် ပရမေသူရာ တို့ ဖြစ်ကြသည်။

"မြေစုံမြင့်ဖျား၊ ပျူမင်းများနှင့်၊ သိကြားသူရံ၊ ဂဝံပတေ့၊ ရသေ့စန္ဒီ၊ တူပြီနာဂါ၊ ဂဠုန်လာ၍၊ လုပ်လှာနတ်တို့၊ ရွှေပြည်မြို့ဝယ်"... ဟူ၍ မင်းနဝဒေးသည် ဘုရင့်နှမတော် ဧချင်းတွင် စပ်ဆိုခဲ့သည်။ ဤသည်မှာ ရာဇဝင်လာ မှတ်သားချက်အရ ဖြစ်သည်။

တကောင်းမင်း ယောက်ဖတော်ရှင်ရသေ့ သီတင်းသုံးသည်ကို အကြောင်းပြု၍ သရေခေတ္တရာမြို့ကို ရသေ့မြို့ ဟု နောင်မှတွင်၏။ ပြည်မြို့ ရွှေဆံတော်ဘုရားခြေရင်း၌ တွေ့ရသော ကျန်စစ်သားမင်း၏ မွန်ကျောက်စာအလိုအားဖြင့် သရေခေတ္တရာမြို့ကို ပထမတည်ထောင်သော မင်းမှာ ဗိဿနိုးရသေ့ကြီး ဖြစ်၏။ တည်ထောင်သောနှစ်မှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံယူတော်မူသောနှစ် သာသနာနှစ် ၁ နှစ်ဖြစ်၏။ ရသေ့ကြီးကို ကူညီစောင့်ရှောက် ကြသောသူမြတ်တို့မှာ ဂဝံရသေ့၊ သိကြား၊ ဝိသကြုံနတ်သားနှင့် နဂါးမင်းတို့ ဖြစ်သည်ဟု ဆို၏။ မြို့တည်ဆောက်ရာတွင် နဂါးအမြီးဖြင့် စက်ဝန်းပုံသဏ္ဍန် မြို့ကွက်ရာ ပန္နက်ပုံစံ ရေးဆွဲခဲ့သည်ဟု အဆိုလည်းရှိပေသည်။

ကျန်စစ်သားမင်း၏ ကျောက်စာများအရ သရေခေတ္တရာကို သိသိတ်၊ (ဂြီက္ခတ်၊ ဂြီတြော) ဟူ၍လည်း ခေါ်တွင်ကြောင်းသိရသည်။ ရှေးဟောင်းသုတေသန အထောက်အထားများအရမှာမူ သရေခေတ္တရာမြို့သည် ခရစ်နှစ် ငါးရာစုမှရှစ်ရာစုအတွင်း၌ ထွန်းကားကြောင်းသာ သိရှိရသေးရာ ထိုသို့ဖွံ့ဖြိုးတိုးတက်အောင် စတင်ပျိုးထောင်ရသော ကာလကို ထည့်သွင်းခန့်မှန်းသည်ဆိုပါမူ ခရစ်နှစ် နှစ်ရာစုထက် စောနိုင်မည်မဟုတ်ကြောင်း တွေ့ရသည်။သရေခေတ္တရာတွင် ပျူလူမျိုး အများအပြားနေထိုင်ခဲ့ကြသည်။

ယင်းတို့ကို တိရ်စုလ်ဟူ၍ လည်းအမည်တွင်ခဲ့ကြောင်း ကျန်စစ်သားမွန်ကျောက်စာတစ်ချပ်အရယူဆရသည်။ ပျူတို့ဒေသဟု ခေါ်ဆိုအပ်သော သရေခေတ္တရာနှင့် ဟန်လင်းမြို့ဟောင်းတို့မှ အိန္ဒိယတောင်ပိုင်းအက္ခရာဖြင့် ရေးထိုးထားသော ကျောက်စာများကို ထောင်၍ ပျူဘာသာနှင့် ပျူစာသုံးနှုန်းရေးသားခဲ့ကြသည်ဟု ယူဆမှတ်သားခဲ့ကြရသည်။

သရေခေတ္တရာခေတ်၌ ရေးထိုးသောပျူစာများမှာ အုတ်ချပ်များပေါ် ဂဏန်းနှင့်အမှတ်အသားများ အုတ်ပုံနှိပ်ဘုရား (အုတ်ခွက်) နောက်ကြောမှစာများ၊ ကျောက်စာများနှင့် ကျောက်အရိုးအိုးများပေါ်မှ စာတန်းတို့ဖြစ်လေသည်။ ယင်းတို့အနက်အချို့မှာ မှေးမှိန်ပျက်စီးနေ၍ အတိအကျဖတ်ရှုမရနိုင်ခြင်း၊ အချို့မှာစာကြောင်းတိုကလေးများသာဖြစ်၍ အကြောင်းအရာမဖေါ်နိုင်ခြင်းနှင့် အချို့မှာ ပျူဝေါဟာရ ကျယ်ပြန့်စွာမသိရှိသေးသဖြင့် အဓိပ္ပါယ်တိမ်မြုပ်နေခြင်းတို့ကြောင့် သမိုင်းအထောက်အထား ရသင့်သလောက်မရနိုင်ချေ။

ကိုးကွယ်ယုံကြည်မှု

သံခေတ်တွင်းကျရောက်၍ သံထည်ပစ္စည်း ဆိုင်ရာ ယုံကြည်မှုရှိသည်ကို တွေ့ရ၏။ ပျူလူမျိုးများသည် သံမယ်နများ၊ သံတံခါး စောင့်နတ်ရုပ်များနှင့်ပတ်သက်၍လည်း ယုံကြည်မှုရှိသည်။ ဒွါရပါလ တံခါးစောင့်နတ် ရုပ်များသည် မြို့ကိုစောင့်ရှောက်ရန်အတွက် စိုက်ထူခြင်းဖြစ်သည်။ မကောင်းဆိုးဝါးများ နှင့် ရန်သူများကို ကာကွယ်နိုင်စွမ်းရှိသည်ဟု ယုံကြည်ကြသည်။ ပျူခေတ်တစ်လျှောက်လုံးတွင် ထေရဝါဒ ဗုဒ္ဓဘာသာကို အဓိကယုံကြည်ကိုးကွယ်ခဲ့သည်။ မဟာယာနဗုဒ္ဓဘာသာလည်း ထွန်းကားခဲ့သည်။ ရုပ်တုများ၊ ကျောက်ချပ်အထောက်အထားများအရ ထေရဝါဒဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာတို့ တစ်ပြိုင်တည်းထွန်းကားခဲ့ကြောင်း ယူဆရသည်။ သရေခေတ္တရာတွင် ဗိဿနိုးကိုးကွယ်မှု ဓလေ့ရှိကြောင်းလည်း တွေ့ရ၏။ ဗြဟ္မာဏ အယူဝါဒဆိုင်ရာ အထောက်အထားများတွေ့ ရှိရ၏။ ဗိဿနိုးရုပ်တုများကို တွေ့ရှိရခြင်းသည် ဗိဿနိုးနတ်မင်းကြီး၏ ချက်တော်မှ ထွက်လာကြသည်ဟု ယူဆကြသည်။ ဗိဿနိုးရုပ်တုများသည် မြန်မာနိုင်ငံတွင် အစောဆုံး တွေ့ရှိရခြင်းဖြစ်သည်။

ရှေးဟောင်းစေတီများ

သရေခေတ္တရာ မြို့ဟောင်း၏ တောင်ဘက်တွင် ပျူလူမျိုးတို့တည်ထားခဲ့သော ရှေးဟောင်းစေတီ အများအပြားကို ယနေ့တိုင် ဖူးတွေ့နိုင်သေးသည်။ ထင်ရှားသော ပျူခေတ်ဘုရားအချို့မှာ ဘောဘောကြီး၊ ဘုရားမာ၊ ဘုရားကြီး၊ ဘဲဘဲဂူဘုရား၊ လေးမျက်နှာဘုရားတို့ ဖြစ်သည်။ ဘောဘောကြီး၊ ဘုရားကြီး နှင့် ဘုရားမာ စေတီသုံးဆူမှာ မြို့ရိုးအပြင်၌ ဖိုခနောက်ဆိုင်အနေအထားဖြင့် မြို့ကိုဝန်းရံတည်ရှိနေသည်။ ဘုရားစေတီများမှာ ယခုခေတ်မြင်တွေ့နေကျစေတီများကဲ့သို့ခေါင်းလောင်းပုံ၊သပိတ်မှောက်၊ ဖေါင်းရစ်စသည်တို့ဖြင့် တန်ဆာဆင်ထားခြင်းမရှိပဲ မဇ္ဈိမဒေသမှ ရှေးဟောင်းစေတီ များပုံစံမှ ရွေ့လျောလာခြင်းဖြစ်မည်ဟု သမိုင်းပညာရှင်များက ယူဆကြသည်။ ရှေးခေတ် ပျူလူမျိုးတို့၏ ဗိသုကာလက်ရာကို ဤသာသနာ အဆောက်အဦးများကို ကြည့်၍လေ့လာသုံးသပ်နိုင်သည်။

သရေခေတ္တရာရှေးဟောင်းဇုန်၌ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ၊ ဘုရားဖူးခရီးသည်များ လေ့လာဖူး မြှော်နိုင်ရန် ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အဦများတည်ရှိပြီး သရေခေတ္တရာမြို့ ဟောင်းမြို့ရိုးအတွင်းဘက်ရှိ သာသနိကအဆောက်အဦပေါင်း(၂၀)ဆူ တူးဖော်တွေ့ရှိသည့် ကုန်း(၃၁) ကုန်း၊ မြို့ရိုးအပြင်ဘက်ရှိ သာသနိကအဆောက်အဦ(၁၈)ဆူ တူးဖော်တွေ့ရှိသည့်ကုန်း (၂၄)ကုန်း တို့အား လေ့လာကြည့်ရှုဖူးမြှော်နိုင်ပါသည်။ သရေခေတ္တရာမြို့ဟောင်းအတွင်း၌ ဘုန်းတော်ကြီး ကျောင်း(၁၂၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၁၁)ကျောင်း၊ ဗလီ(၁)လုံး ရှိပါသည်။ သရေခေတ္တရာမြို့ဟောင်းဇုန်ရှိ ထူးခြားထင်ရှားသော ဗုဒ္ဓသာသနိကအဆောက်အဦများမှာ ဘောဘော ကြီးစေတီ၊ ဘုရားကြီးစေတီ၊ ဘုရားမာစေတီ၊ ဘဲဘဲကြီး/ဘဲဘဲလေးစေတီ၊ မြင်ဗာဟုစေတီ၊ လေးမျက်နှာဘုရား၊ မသီးကျကုန်း၊ ဘုရားတောင်ဘုရား၊ ရဟန္တာဂူတို့ တည်ထားလျှက် ရှိပါသည်။ #Wikipidia

 
 
 

Comentários


© 2023 by Name of Site. Proudly created with Wix.com

bottom of page